မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, December 2, 2016

Nokia N9 ဟာ Linux ကို အခြေခံထားတဲ့ MeeGo 'Harmattan' mobile operating system ကို run ထားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ Nokia ကနေ MeeGo နဲ့ ထုတ်လုပ်ပေးထားတဲ့ ပထမဆုံး device ဖြစ်သလို တစ်ခုတည်းသော device လို့လည်း ဆိုနိုင်ပါတယ်။ ၄င်းဖုန်းမှာ ထောက်ပံ့ပေးထားတဲ့ MeeGo OS, 'Swipe' user interface နဲ့ နောက်ဆုံးပေါ် features တွေ အပါအဝင် software ပိုင်းနဲ့ hardware ပိုင်း ၂ ခုစလုံးဟာ အရည်အသွေး မြင့်မားမှု ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆွဲဆောင်မှုအရှိဆုံးဖုန်းတွေထဲမှာ တစ်လုံးအပါအဝင်ဖြစ်ပြီး လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

တည်ဆောက်ပုံဒီဇိုင်းက ခန့်ညားလှပထည်ဝါမှုရှိပြီး လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်သုံးစွဲရတာ အလွန်ကောင်းမွန်ပါတယ်။ မျက်နှာပြင်နဲ့ ၄င်းမှာပါရှိတဲ့ အစိတ်အပိုင်းတွေအားလုံးက Single-Piece Polycarbonate Shell ထဲကို စုပေါင်းဝင်ရောက်သွားပြီး သူ့လောက်ကောင်းတဲ့ polycarbonate အမျိုးအစားကို တစ်ခါမှ အသုံးမပြုဖူးသေးပါဘူး။ Polycarbonate ဆိုတာ ပလတ်စတစ် အမျိုးအစားဖြစ်ပေမယ့် ၄င်းရဲ့အရည်အသွေးနဲ့ အသုံးဝင်ပုံတွေကတော့ အံ့မခန်းလောက်ပါပဲ။ 

စတင်ထုတ်လုပ်စဉ်က အပြာရောင်၊ ပန်းရောင်နဲ့ အမည်းရောင်ဆိုတဲ့ အရောင် ၃ မျိုးကိုသာ ထုတ်လုပ်ပေးထားပြီး နောက်ပိုင်းမှာ လှပတဲ့အဖြူရောင်တစ်မျိုးကို ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။ ကိုယ်ထည်ရဲ့ ညာဘက်ဘေးဘောင်မှာ ခလုတ် ၂ ခု တည်ရှိပါတယ်။ ၁ ခုက အသံအတိုးအကျယ် ခလုတ်ဖြစ်ပြီး နောက် ၁ ခုကတော့ ပါဝါခလုတ် ဖြစ်ပါတယ်။ ၄င်း ၂ ခုက နီးကပ်စွာ ရှိနေပါတယ်။ ဖုန်းအရွယ်အစားက 4.59 x 2.41 x 0.48 inches ရှိပြီး 135g သာ အလေးချိန်ရှိတာကြောင့် ပေါ့ပါးတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

GSM နဲ့ HSPA networks တွေမှာ အသုံးပြုနိုင်ပြီး Micro SIM card အမျိုးအစားကို ထည့်သုံးရပါမယ်။ မျက်နှာပြင်က 3.9-inch သာ ရှိတာကြောင့် ရုပ်ရှင်ကြည့်တာတွေနဲ့ ဂိမ်းကစားတာတွေကို ပြုလုပ်လို့တော့ သိပ်အဆင်မပြေပါဘူး။ ၄င်းမျက်နှာပြင်က 480 x 854 pixels ကို ထုတ်လွှတ်ပေးနိုင်တဲ့ AMOLED capacitive touchscreen အမျိုးအစားဖြစ်ပြီး ၁ လက်မ သိပ်သည်းဆက ~251ppi pixels ပမာဏ ရှိပါတယ်။ မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Corning Gorilla Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပြီး လက်ချောင်းတစ်ချောင်းထက် ပိုပြီးထိန်းချုပ်လုပ်ဆောင်နိုင်တဲ့ multitouch စနစ်လည်း ထောက်ပံ့ပေးထားပါတယ်။

Nokia ရဲ့ ClearBlack ကို လက်တွေ့ကျကျ အသုံးပြုနိုင်မှာပါ။ Data တွေကို သိမ်းဆည်းဖို့အတွက် 16GB နဲ့ 64GB version ၂ မျိုးကို ထုတ်လုပ်ပေးထားပြီး အားနည်းချက်အနေနဲ့ micro SD card slot တော့ မပါရှိပါဘူး။ ယာယီမှတ်ဉာဏ်စွမ်းအား RAM က 1GB သာ ပါရှိပါတယ်။ အနောက်ကင်မရာက 8MP ပါရှိပြီး ဓာတ်ပုံရိုက်တဲ့အခါ နောက်ခံ background ကို ဝါးထားပြီး အရှေ့ object ကိုပဲ focus ထားကာ ရိုက်နိုင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ဖုန်းတော်တော်များများ မတွေ့ရပါဘူး။ ဗီဒီယိုတွေ ရိုက်တဲ့အခါမှာလည်း 720p အရည်အသွေးရှိ ဗီဒီယိုတွေကို ရရှိနိုင်ပြီး sound recording ကလည်း စတူရီယိုထဲမှာ သွင်းထားသလို အရည်အသွေး မြင့်မားမှုရှိတာကို တွေ့ရပါတယ်။

N9 ရဲ့ Onscreen က အထူးကောင်းမွန်ပြီး စာလုံးအရွယ်အစား အနေအထားတွေကလည်း အနေတော်ပါပဲ။ အကောင်းဆုံး keyboard software တွေထဲက တစ်ခုဖြစ်တဲ့ QWERTY ကို အသုံးပြုထားတာကို တွေ့ရပါတယ်။ Screen unlock လုပ်ဖို့အတွက် မျက်နှာပြင်ပေါ်ကို ၂ ချက် ပုတ်လိုက်ရုံပါပဲ။ စက်ရဲ့ လျင်မြန်တဲ့စွမ်းဆောင်ရည်တွေကို ရရှိနိုင်ပြီး 720p ရှိ ဗီဒီယိုတွေကို ဖမ်းယူရိုက်ကူးတာတွေ၊ ပြန်လည် ကြည့်တဲ့နေရာတွေမှာ အဆင်ပြေချောမွေ့မှုလည်း ရှိပါတယ်။ ထည့်သွင်းပေးထားတဲ့ ဘက်ထရီကတော့ Non-removable Li-Ion 1450mAh battery ပဲ ဖြစ်ပါတယ်။ အသုံးပြုတဲ့အခါမှာ စွမ်းအင်စားသုံးမှုကလည်း နည်းပါးတာကြောင့် အဆင်ပြေပါတယ်။

Battery Life

Non-removable Li-Ion 1450mAh Battery က တစ်ခါအား အပြည့်သွင်းပြီးသွားရင် တစ်ရက်လုံး အသုံးပြုနိုင်ပြီး  ဖုန်းဆက်တိုက်ပြောမယ်ဆိုရင် ၁၁ နာရီဝန်းကျင်လောက် သုံးနိုင်ကာ သီချင်းတွေ နားထောင်မယ်ဆိုရင်တော့ ၅ နာရီလောက် အသုံးပြုနိုင်ပါတယ်။

Design

ကိုယ်ထည်ကို အကောင်းစား ပလတ်စတစ် Polycarbonate နဲ့ ပြုလုပ်ပေးထားပြီး တောက်ပတဲ့ အရောင်အသွေးတွေနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ၄င်းရဲ့ လေးထောင့်စက်စက် ဒီဇိုင်းပုံစံကြောင့် ဆွဲဆောင်မှု ရှိပြီး ဖုန်းအရွယ်အစားကလည်း ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့အတွက် လူသုံးများခဲ့ပါတယ်။

Processor

Nokia N9 မှာ RAM 1GB ပါရှိတဲ့ 1.0GHz Cortex A8 processor နဲ့ TI OMAP 3630 chipset တို့ကို အသုံးပြုပေးထားပြီး PowerVR SGX530  Graphic Card ကို ထောက်ပံ့ပေးထားပါတယ်။ သူ့အထဲမှာ MeeGO OS, v1.2 Harmattan ကို run ထားပြီး လုပ်ဆောင်ချက်တွေက တိကျမြန်ဆန်မှုရှိတာကို တွေ့ရပါတယ်။

Display and Camera

3.9-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို AMOLED capacitive touchscreen အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 480 x 854 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ Nokia N9 ရဲ့ ကင်မရာပိုင်းမှာတော့ 8MP ရှိတဲ့ အနောက်ကင်မရာနဲ့ VGA အရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားပြီး သင့်တင့်မျှတဲ့ ဓာတ်ပုံအရည်အသွေးတွေကိုသာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Verdict

Nokia N9 ဟာ ၄င်းထုတ်လုပ်ခဲ့တဲ့ အချိန်တုန်းကတော့ အရမ်းကို ရေပန်းစား လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ အရောင်အသွေး တောက်တောက်ပပနဲ့ ကျစ်လျစ်ဆန်းသစ်တဲ့ ဒီဇိုင်းလေးကလည်း သင့်မျက်လုံးကို ဖမ်းစားထားနိုင်မှာပဲ ဖြစ်ပါတယ်။

Specification 

» Network : GSM/HSPA (Micro-SIM) 

» Weight : 135 g 

» Display : 3.9", AMOLED capacitive touchscreen

 » Dimensions : 4.59 x 2.41 x 0.48 inch

 » Memory : 16GB, 1GB RAM 

» Camera : 8 Megapixel, Carl Zeiss optics, autofocus,  dual LED flash, Geo-tagging, face detection,  touch focus, video 720p® 30fps 

» Connectivity : GPS, WLAN, Bluetooth v2.1, microUSB v2.0 

» OS : MeeBo OS, v1.2 Harmattan

 » Chipset : TI OMAP 3630, CPU : 1GHz Cortex A8           GPU : PowerVR SGX530 

» Protection : Corning Gorilla Glass, Anti-glare polariser

Price » 350,000 Ks

Contact Phone » 01-371923 ( AMT Mobile )

Credit-Netguide Journal


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246