မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, August 20, 2016

Google သည် တံခါးပေါက်ပေါင်းစုံကနေ စာဖတ်သူ၏ဘဝထဲ ဝင်ရောက်လျက်ရှိ၏။ Google က စာဖတ်သူအကြောင်း သိသည်။ သိပ်ကို သိသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။
စာဖတ်သူ တစ်နေ့တာအတွင်း နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်း လုပ်နေသမျှကို Google က အခါမလပ် စောင့်ကြည့် မှတ်တမ်းတင်နေ၏။ အောက်တွင် ကိုယ်တောင် သတိမထားမိပါဘဲ Google က ကိုယ့်အကြောင်းသိနေသည့် အချက် ၁၀ ချက်ကို ဖော်ပြပါမည်။

အင်တာနက်မှာရှာသမျှ Google က မှတ်တမ်းတင်ထားသည်။

စာဖတ်သူ အင်တာနက်မှာ ရှာဖွေကြည့်ရှုသမျှကို Google က သိလည်းသိသည်။ မှတ်လည်းမှတ်ထား သည်ဟုဆိုလိုက်လျှင် စာဖတ်သူ လန့်သွားမလား။ Google သည် လူသုံးအများဆုံး Browser လည်းဖြစ်ရာ စာဖတ်သူအနေဖြင့် Computer၊ Laptop၊ Mac Computer၊ Tablet၊ Smartphone များတွင် သတင်းအချက်အလက်များ ရှာဖွေသည့်အခါ Google ကိုသာ အများဆုံး သုံးဖြစ်မှာ ကျိန်းသေသည်။ စာဖတ်သူ ရှာဖွေသမျှ အချက်အလက်များကို အခြေခံကာ စာဖတ်သူ၏ ဒီဂျစ်တယ်လူမှု စတိုင်ကိုပါ Google က ပုံဖော် တည်ဆောက်ထားသည်။
ထိုသို့တည်ဆောက် ထားခြင်းမှာ စာဖတ်သူ၏ ဒီဂျစ်တယ် အမူအကျင့်ကိုသိရှိကာ အလိုက်ဖက် အကိုက်ညီဆုံး ဝန်ဆောင်မှု ပေးနိုင်စေရေးအတွက် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စာဖတ်သူ ကြိုက်လောက်မည့် ကြော်ငြာများ ပေးပို့ခြင်းဖြင့် ကြော်ငြာ ဝင်ငွေပိုရဖို့ Google က ရည်ရွယ်သည်။ စာဖတ်သူ၏ အင်တာနက်ရာဇဝင်ကို Google ကမှတ်ထားတာ မကြိုက်လျှင် ဖျက်ပစ်နိုင်သည်။ နောင်မမှတ်အောင်လည်း ညွှန်ကြားထားနိုင်သည်။ မည်သို့ပင်ဆိုစေ Google က စာဖတ်သူအကြောင်း သိပ်သိနေသည် ဆိုတာကတော့ သေချာသည်။

ကိုယ်ဘယ်တွေသွားသည်၊ ဘယ်နေရာ ရောက်နေသည် ဆိုတာလည်း Google သိသည်။

Google က စာဖတ်သူ ဘယ်တွေသွားခဲ့သည်၊ လောလောဆယ် ဘယ်နေရာမှာရှိနေသည် ဆိုတာကိုပါ သိသေးသည်။ စာဖတ်သူအနေဖြင့် Android ဖုန်းကိုင်မည်၊ GPS စနစ်သုံးမည်၊ Google မြေပုံစနစ် သုံးမည်ဆိုပါက Google သည် စာဖတ်သူ၏ တည်နေရာ ရာဇဝင်နှင့် လက်ရှိတည်နေရာကို အတိအကျသိဖို့ ကျိန်းသေနေပြီ။ Google က စောင့်ကြည့်နေတာမျိုး မကြိုက်ပါက Setting ထဲဝင်ပြီး Location History ကို ပိတ်ထားနိုင်သည်။ သို့သော် ထိုသို့ပိတ်ထားလျှင်ပင် မိမိအိမ်၏ ဝိုင်ဖိုင်စနစ်၊ အပြင်ထွက်သည့်အခါ ဖုန်းနှင့်ချိတ်မိသော ဝိုင်ဖိုင်စနစ်များက တစ်ဆင့်လည်း Google က မိမိ၏တည်နေရာကို သိနေနိုင်သေးသည် ကိုတော့ သတိရစေချင်သည်။


စာဖတ်သူ ဘာကြိုက်တယ်၊ ဘာမကြိုက်ဘူးဆိုတာလည်း Google သိသည်။

Chrome ကိုလည်း စာဖတ်သူသိလိမ့်မည်။ Google ၏ အင်တာနက် သတင်းအချက်အလက် ရှာဖွေရေး Browser ဖြစ်၏။ Chrome နှင့် Mozilla Firefox တို့ လူသုံးများအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် Microsoft ၏ Internet Explorer သည် ကွင်းပြင်ရောက်ခဲ့ရသည်။ Google တွင်ရှာဖွေသမျှသည် Chrome ဖြင့်လည်း ချိတ်ဆက်နေသဖြင့် Chrome Browser သုံးပြီး စာဖတ်သူရှာဖွေ ကြည့်ရှုသမျှကို Google ကလည်း သိနေသည်။ အကျိုးဆက်ကား စာဖတ်သူဘာကြိုက်သည်၊ ဘာမကြိုက်ဘူးဆိုတာ Google က ကောင်းကောင်း သိနေတော့သည်။
စာဖတ်သူသည် Google ၏ ဗီဒီယိုဝန်ဆောင်မှု YouTube ကိုသုံးဖူးသူဆိုပါက Google က စာဖတ်သူ အကြိုက်ကို မည်မျှသိကြောင်း သဘောပေါက်လိမ့်မည်။ ဗီဒီယိုတစ်ခုကို ရွေးချယ်ကြည့်ရှုဖြစ်ပါက နောင်တွင် ထိုဗီဒီယိုနှင့် ဆက်စပ်သော စာဖတ်သူကြိုက်လောက်မည့် ဗီဒီယိုများကို အကြံပြုဖော်ပြပေးလိမ့်မည်။

စာဖတ်သူ အီးမေးလ်ဘယ်နှစ်စောင်ပို့လဲ Google သိသည်။ ဘယ်သူတွေနဲ့ ဆက်သွယ်လဲ Google သိသည်။

Gmail သည် လူသုံးအများဆုံး အီးမေးလ်စနစ် ဖြစ်သည်။ စာဖတ်သူသည် Gmail သုံးသူဆိုပါက Google သည် စာဖတ်သူ အီးမေးလ် ဘယ်နှစ်စောင်ပို့သည်၊ စာဖတ်သူနှင့် Gmail အဆက်အသွယ် ရှိသူတွေက ဘယ်သူဆိုတာတွေပါ အကုန်သိနေလိမ့်မည်။ စာဖတ်သူ၏ အီးမေးလ် အကျင့်ကိုပါ Google က လေ့လာစောင့်ကြည့်နေကာ စာဖတ်သူ အီးမေးလ်ပို့တော့မည်ဆိုလျှင် စာဖတ်သူနှင့် အဆက်ဆံ ဖြစ်ဆုံးသူများ စာရင်းကိုပင် အကြံပြုဖော်ပြ ပေးလိမ့်ဦးမည်။

ဘယ် Apps တွေက စာဖတ်သူ ကိုယ်ရေးအချက်အလက်များ ယူသုံးနေသည်ဆိုတာလည်း Google သိသည်။

Smartphone, Tablet သုံးသူအများစုသည် Apps များက ၎င်းတို့၏ကိုယ်ရေး အချက်အလက်များကို မည်မျှအထိ ယူသုံးနေသည်ဆိုတာ တိတိကျကျ မသိကြ။ အကယ်၍ တိတိကျကျ သိလိုသည်ဆိုပါက Google Dashboard ကို အားကိုးနိုင်သည်။ မိမိအကောင့်ဖြင့် ဝင်လိုက်မည်ဆိုပါက မိမိ Android စမတ်ဖုန်းနှင့် Tablet ထဲက မည်သည့် Apps များသည် မိမိတို့ ကိုယ်ရေး အချက်အလက်များကို မည်မျှအထိ ယူသုံးနေသည်ဆိုတာ Google ကပြပေးလိမ့်မည်။ မိမိခွင့်ပြုလိုစိတ် မရှိသော Apps များကိုလည်း ထိုနေရာကနေပင် ပိတ်ထား လိုက်နိုင်သည်။

စာဖတ်သူ ဘာကိစ္စတွေအတွက် ငွေဘယ်လောက်သုံးတယ်ဆိုတာလည်း Google သိသည်။

နဖူးကချွေး ခြေမကျအောင် ရှာထားရသည့် ငွေကလေးတွေကို စာဖတ်သူသည် ဘယ်နေရာတွေမှာ ဘယ်လိုသုံးလိုက်သည် ဆိုတာလည်း Google ကသိသည်။ အိမ်မှာသုံးဖို့ ပန်းကန်အသစ်တွေ ဝယ်တာလည်း Google သိသည်။ အွန်လိုင်းမှာ ရောင်းသော ဂိမ်းခွေများ ဝယ်တာလည်း Google သိသည်။ ကုန်ကုန်ပြောရလျှင် Google သုံးပြီး အွန်လိုင်းမှာ ကြည့်ရှုဝယ်ယူသမျှကို Google က အမြဲသိနေသည်ဟု ဆိုနိုင်သည်။ ငွေလွှဲပြောင်း ပေးချေရာတွင်လည်း Google Wallet စနစ်ကို သုံးဦးမည်ဆိုပါက Google က မိမိငွေ ဘယ်လောက် သုံးလိုက်သည်ကိုပါ တိတိကျကျ သိနေလိမ့်ဦးမည်။ မိမိသည် ကပ်စေးနှဲသူလား၊ လက်ဖွာသူလား ဆိုတာကိုပင် Google က မိမိ၏ဒစ်ဂျစ်တယ် ကိုယ်ပွားတွင် ထည့်သွင်းပေးထား လိမ့်ဦးမည်။

စာဖတ်သူအသံကိုလည်း Google သိသည်။

လွန်လှချေလားဟု မမှတ်ယူပါနှင့်။ Google က စာဖတ်သူအသံကို တကယ်ကိုသိပါသည်။ စာဖတ်သူ ဖုန်းပြောစဉ် အသံခိုးဖမ်း ထားခြင်းမျိုးတော့ မဟုတ်ပါ။ Google Android ဖုန်းများသည် အသံဖြင့်အမိန့်ပေး ခိုင်းစေနိုင်သည်ဖြစ်ရာ ထိုသို့အမိန့်ပေးစဉ် စာဖတ်သူ၏ အသံအပိုင်းအစများကို Google က မှတ်သားသိမ်းဆည်း ထားခြင်းသာ ဖြစ်ပါသည်။ ထိုအသံကို မှတ်ထားခြင်းကြောင့် စာဖတ်သူ အသံဖြင့် အမိန့်ပေးသည်ကို Google က တိတိကျကျသိရှိကာ ညွှန်ကြားချက်ကို ချက်ချင်းလုပ်ပေးနိုင်စွမ်း ရှိလာသည့်အကျိုးတော့ ရရှိသည်။
အကယ်၍ စာဖတ်သူအနေဖြင့် Google က ထိုသို့မှတ်ထားတာ မကြိုက်လျှင် Manage Activity ထဲဝင်ပြီး အသံမှတ်တမ်းများကို ဖျက်ပစ်နိုင်သည်။ ပျင်းခြောက်ခြောက်ဖြစ်နေလို့ ပျော်စရာ ရှာနေချိန်မျိုးဆိုပါက ထိုအထဲဝင်ကာ ကိုယ့်အသံ ကိုယ့်ဘာသာပြန် နားထောင်ပြီး ရယ်မောနိုင်သေးသည်။

ကိုယ့်အချိန် စာရင်းကိုလည်း Google သိသည်။

စာဖတ်သူသည် အလုပ်များသူ၊ အချိန်းအချက်တွေ များသူဆိုပါက စမတ်ဖုန်းထဲတွင်ပါသော Calendar Application နှင့်ပတ်သက်မိမှာ ကျိန်းသေသည်။ Calendar သည် Google ၏ မူရင်းပြက္ခဒိန် application ဖြစ်သလို၊ အချိန်စီမံခန့်ခွဲရေး ဝန်ဆောင်မှုဟုလည်း ဆိုနိုင်သည်။ Google သည် စာဖတ်သူ ဘယ်နေ့ ဘယ်အချိန်က ဘယ်နေရာမှာ ဘာတွေလုပ်နေသည် ဆိုတာကိုပါ Calendar ကတစ်ဆင့် အနီးစပ်ဆုံး ခန့်မှန်းသိရှိနိုင်သည်။ စာဖတ်သူအနေဖြင့် အလုပ်တွေများပြီး ဘယ်နားမှာ ဘယ်သူနဲ့တွေ့ရမည် ဆိုတာမေ့နေလျှင်တောင် Google က သတိပေးလိမ့်ဦးမည်။ စာဖတ်သူက Google ကို မေ့နေချိန်မှာတောင် Google ကတော့ စာဖတ်သူကိုမမေ့ဘဲ အချိန်ပြည့် စောင့်ကြည့်နေမည်သာ။

ကားလွှတ်ပြီး စာဖတ်သူအိမ်ကိုတောင် Google က ဓာတ်ပုံရိုက်လိမ့်ဦးမည်။

လန့်မသွားပါနဲ့ စာဖတ်သူ။ တကယ်မဟုတ်ပါ။ သို့သော် ခပ်ဆင်ဆင်တော့ ဟုတ်သည်ဟု ဆိုချင်သည်။ Google သည် Google မြေပုံစံနစ်အတွက် လမ်းမြင်ကွင်း ဓာတ်ပုံများရိုက်ယူရန် ကမ္ဘာတစ်ဝန်း မှတ်တမ်းတင် မော်တော်ယာဉ်များ၊ စက်ဘီးများ၊ လှေများ၊ လမ်း
လျှောက်ဝန်ထမ်းများ စေလွှတ်လျက်ရှိရာ ထိုသူများသည် စာဖတ်သူ အိမ်ရှေ့ရောက်လာပြီး စာဖတ်သူအိမ်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ၃၆၀ ဒီဂရီ ကင်မရာများဖြင့် မှတ်တမ်းတင်သွားတာကို စာဖတ်သူ သိချင်မှတောင် သိလိုက်လိမ့်မည်။

Chrome မသုံးလျှင်လည်း ဂူဂဲကတော့ စာဖတ်သူအကြောင်း သိနေသည်သာ။

Chrome Browser မသုံးဘဲနေလျှင် Google ပိုက်ကွန်အောက်က အတန်အသင့်လွတ်နိုင်သည်ဟု ထင်နေလျှင် မှားသွားလိမ့်မည်။ Mozilla Firefox၊ Safari စသည့် Browser များသုံးရင်း Google ကို ရှောင်ဖို့ကြိုးစားလျှင် အချည်းနှီးသာ ဖြစ်လိမ့်မည်။
Mozilla Firefox ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၆၃ သန်း၏ ၈၅ ရာခိုင်နှုန်းထိသည် Google ထံမှ ရရှိနေခြင်းဖြစ်သည်။ Firefox Browser တွင် မူရင်း အင်တာနက် ရှာဖွေရေးအင်ဂျင်အဖြစ် Google ကို အသုံးပြုပေးသည့်အတွက် Google က Firefox မှတစ်ဆင့် Google ကြော်ငြာဝင်ငွေရရှိသည့် ၈၅ ရာခိုင်နှုန်းထိကို Mozilla သို့ပေးချေခြင်းဖြစ်ရာ Mozilla သုံးလို့ Google လက်ကလွတ်စရာမရှိ။ Safari သည်လည်း ထိုနည်းလည်းကောင်းပင်။ Google ရှာဖွေရေးအင်ဂျင်ကို အသုံးပြုထားသည်သာ ဖြစ်သည်။ ထို့အပြင် Mozilla Firefox၊ Safari တို့သည် ဝက်ဘ်ဆိုက်များ ဗိုင်းရပ်စ်ရန် ကင်း၊ မကင်းကိုလည်း Google က ပြုစုထားသော အန္တရာယ်ရှိ နာမည်ပျက် ဝက်ဘ်ဆိုက်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး သေးသည်ဖြစ်ရာ Google နှင့် ခပ်ကင်းကင်းနေဖို့ မလွယ်။

Credit – Internet Journal

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246