ဖောဘိစ်မဂ္ဂဇင်း၏ အသစ်ထုတ်ပြန်လိုက်သော ၂ဝ၁၆ ခုနှစ်အတွက် နည်းပညာနယ်ပယ်မှ အချမ်းသာ ဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်း၌ နည်းပညာကုမ္ပဏီ တည်ထောင်သူနှင့် ရင်းနှီးမြှုပ်နှံသူ အမေရိကန်ပြည်ထောင်စုမှ ၅၁ ဦး၊ တရုတ် နိုင်ငံမှ၂၄ ဦးပါဝင်ကာ နှစ်နိုင်ငံမှ ၇၅ ရာခိုင်နှုန်းထိ ပါဝင်နေသည်။
အဆိုပါစာရင်းအရ နည်းပညာနယ်ပယ်မှ အချမ်းသာ ဆုံးပုဂ္ဂိုလ်များ၏ ကြွယ်ဝချမ်းသာမှုမှာ ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ ၈၉၂ ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၆ ရာခိုင်နှုန်း တိုးတက်လာသည့်သဘောပင် ဖြစ်သည်။
မိုက်ခရိုဆော့တည်ထာင်သူ ဘီလ်ဂိတ်စ်မှာ ခန့်မှန်းချေပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံဖြင့် နည်းပညာနယ်ပယ်တွင်သာမက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေသည်။
အမေဇုန်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်ကိုပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၂ ဘီလီယံဖြင့် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် စာရင်းသွင်းထားပြီး အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံဖြင့် စတုတ္ထနေရာမှ တတိယနေရာတက်ရောက်လာခဲ့သော ဖေ့စ်ဘွတ်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်က တတိယနေရာ၌ရှိနေသည်။ တရုတ် နိုင်ငံမှ အလီဘာဘာအုပ်စုတည်ထောင်သူ ဂျက်မားက ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈ ဘီလီယံဖြင့် အာရှတိုက်၏ နည်းပညာနယ်ပယ်မှ အချမ်းသာဆုံး ဘီလျံနာဆိုသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထား သည်။
အင်တာနက်မီဒီယာကုမ္ပဏီ Tencent တည်ထောင် သူနှင့် အမှုဆောင် အရာရှိချုပ် မားဟွာတန်နှင့် ဂျက်မားတို့ နှစ်ဦးမှာ ၂ဝ၁၆ ခုနှစ်အတွက် နည်းပညာနယ်ပယ်မှ အချမ်းသာဆုံးပုဂ္ဂိုလ် ထိပ်တန်း ၁ဝ ဦးစာရင်းဝင် တရုတ် နိုင်ငံသားများဖြစ်ကြသည်။ တရုတ်ပြည်မကြီးမှ ၁၉ ဦး၊ ဟောင်ကောင်မှသုံးဦးနှင့် တရုတ်တိုင်ပေမှ တစ်ဦးအပါ အဝင် တရုတ်နိုင်ငံ၌ နည်းပညာလုပ်ငန်းရှင် စုစုပေါင်း ၂၄ ဦးရှိသည်။
ဆင်ဟွာ။