မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Monday, July 4, 2016

Lenovo Vibe Shot



ဓာတ်ပုံရိုက်ရတာ နှစ်သက်သူတွေအတွက်ကတော့ အရည်အသွေးမြင့်ကင်မရာကောင်းကောင်း စမတ်ဖုန်းတွေကိုပဲ အလေးထားရွေးချယ် ဖြစ်ကြမှာဖြစ်ပါတယ်။ Lenovo ရဲ့ နောက်ဆုံးပေါ် Vibe Shot မှာ ကင်မရာနဲ့ ပတ်သက်တဲ့ ကောင်းမွန်မှုတွေကို အထူးပြင်ဆင်ပေးခဲ့တာဖြစ်ပြီး ကင်မရာတစ်လုံး ကိုင်ထားရတဲ့အတိုင်း ခံစားမှုပေါ်လွင်အောင် ဒီဇိုင်းနဲ့ features တွေကို အသေးစိတ်ဖန်တီးပေးခဲ့ပါတယ်။ Lenovo Vibe Shot ဟာ အဆင့်မြင့် mid-range တစ်လုံးဖြစ်ပြီး စမတ်ဖုန်းတစ်လုံးဆိုတာထက် ကင်မရာနဲ့ ပိုတူအောင် သတ္တု strip ကို ဒေါင်လိုက်အနေအထားနဲ့ ထည့်သွင်းပေးထားတဲ့ဒီဇိုင်းမျိုးကို တွေ့နိုင်ပါတယ်။

Lenovo ဟာ ဖုန်းရဲ့ဒီဇိုင်းနဲ့ခိုင်ခံ့မှုတို့ကို သေသေချာချာလေး ပြင်ဆင်ပေးခဲ့ပါတယ်။ ခံ့ညားလှပနေအောင် အလူမီနီယမ်ဘေးဘောင်နဲ့ တည်ဆောက်ထားပြီး ဖန်သားပြင်ကျောဘက်ဒီဇိုင်းဟာ အရမ်းဆွဲဆောင်မှု ရှိပါတယ်။ 7.6mm အထူရှိတဲ့ Lenovo Vibe Shot ဟာ လေးလံမနေဘဲ 145 g  အလေးချိန် ရှိပါတယ်။ ၅ လက်မအရွယ် ဖုန်းတစ်လုံးဖြစ်တာကြောင့်လည်း အချိန်မရွေး သက်သောင့်သက်သာ ကိုင်သုံးနိုင်ပါတယ်။ လေးထောင့်ဆန်တဲ့ဒီဇိုင်းမျိုးဖြစ်အောင် ဖန်တီးတည်ဆောက်ထားပြီး screen ပတ်လည်မှာရှိတဲ့ အနက်ရောင် ဖန်သားဘေးဘောင်တွေဟာ အလွန်ပါးလွှာမနေဘဲ သတ္တုဘောင်တွေဟာ အပြင်ဘက်ကို အနည်းငယ် ထွက်နေပါတယ်။

Screen ရဲ့ အပေါ်ပိုင်းနဲ့ အောက်ခြေတွေမှာ နေရာလွတ် တော်တော် များများကျန်နေတာ တွေ့ရပြီး capacitive touch ခလုတ်တွေ ပါဝင်ပါတယ်။ သတ္တုဘေးဘောင်နဲ့ ဖန်သားကို ကြားညှပ်တည်ဆောက်ထားတဲ့ ဒီဇိုင်းတွေဟာ Android ဖုန်းတွေမှာ ခေတ်စားလာပြီး iPhone တွေမှာလည်း အမြဲတမ်း ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ ထည့်ပေးထားတဲ့ သတ္တု strip ဟာ ကင်မရာဒီဇိုင်းအတွက်နဲ့ ကျောဘက်ကင်မရာဒီဇိုင်းကို ချစ်စရာကောင်းပြီး ပေါ်လွင်ထင်ရှားဖို့အတွက် ရည်ရွယ်ထားပါတယ်။

အပေါ်ဘက်ခြမ်းက slot နှစ်ခုဟာ Dual micro-SIM ကတ်နဲ့ SD ကတ် ထည့်သွင်းဖို့ တပ်ဆင်ပေးထားပြီး အောက်ခြေမှာ speaker အပေါက်လေးတွေနဲ့ အားသွင်းပေါက်တို့ကို မြင်နိုင်ပါတယ်။ Vibe Shot ရဲ့ ညာဘက်ခြမ်းက ခလုတ်တွေကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပုံမှန်မြင်တွေ့နေကျ ပါဝါခလုတ်နဲ့ အသံခလုတ်တွေအပြင် ကင်မရာအတွက် အသုံးပြုလို့ရတဲ့ခလုတ်ကို တပ်ဆင်ပေးထားပါတယ်။ ခလုတ်လေးကို ရွှေ့ပြောင်းနိုင်ပြီး Auto နဲ့ Pro modes နှစ်မျိုးအတွက် ဖြစ်ပါတယ်။

ကင်မရာ App ကနေဝင်စရာမလိုဘဲ အလွယ်တကူဖြစ်အောင် mode ပြောင်းနိုင်တဲ့ခလုတ်ကို ညာဘက်ခြမ်းမှာ သီးသန့်ထည့်ပေးထားတာပါ။ Vibe Shot ကို ကျောဘက်က ကြည့်လိုက်ရင် ကင်မရာတစ်လုံးအတိုင်း ပုံစံတူအောင် ဒီဇိုင်းဆင်ပေးထားပြီး တကယ်ပဲ ကြည့်ကောင်းပါတယ်။ အဓိကကင်မရာဟာ 16MP ဖြစ်ပြီး infrared autofocus, OIS နဲ့ triple-LED dual-tone flash မီးတို့ သုံးစွဲနိုင်ပါတယ်။ ကင်မရာ feature တွေဟာ အံ့သြ စရာကောင်းအောင် အလုပ်လုပ်ပေးနိုင်တာကြောင့် ဒီအချက်ဟာ Vibe Shot  ရဲ့ ရောင်းအားအကောင်းဆုံး ပထမအချက် ဖြစ်လာပါတယ်။

Vibe Shot မှာ mid-range ဖုန်းတွေအတိုင်း ပါသင့်တဲ့အချက်တွေ ပါဝင်နေပြီး Qualcomm Snapdragon 615 octa-core processor က စွမ်းဆောင်ရည်အတွက် ဆောင်ရွက်ပေးပါတယ်။ RAM ပမာဏ 3GB ကို လုံလုံလောက်လောက် အသုံးချနိုင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ပါရှိပြီး micro SD နဲ့ 128GB အထိ မြှင့်တင်သုံးစွဲနိုင်ပါတယ်။ Wi-Fi b/g/n, Bluetooth 4.1, GPS, FM နဲ့ USB OTG စတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ SIM ကတ် နှစ်ပေါက်လုံးက 4G ကွန်ရက်ကို support လုပ်နိုင်ပါတယ်။

Lenovo Vibe Shot ဖုန်းမှာ Android OS 5.1.1 (Lollipop) run ထားပြီး Vibe UI ဖြစ်ပါတယ်။ Security feature ဖြစ်တဲ့ Secure Zone ကြောင့် Guest mode လိုမျိုး profile တွေ ပြောင်းနိုင်ပြီး App နဲ့ Files တွေကို သီးသန့် run နိုင်ပါတယ်။ ကင်မရာ features တွေဖြစ်တဲ့ Pro mode မှာ DOF, HDR နဲ့ Panoramic Selfie တွေ စိတ်ကြိုက်ရိုက်ကူးနိုင်ပြီး Frame shots တွေ ရိုက်ကူးနိုင်အောင် ကူညီပေးနိုင်တဲ့ Smart composition ကို Auto mode မှာ ON ထားနိုင်ပါတယ်။ Full HD ဗီဒီယိုကိုလည်း 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ၅ လက်မအရွယ် Display ပါဝင်ပြီး Gorilla Glass 3 နဲ့ မျက်နှာပြင် အကြမ်းဒဏ် ခံနိုင်ရည်ရှိအောင် ဖုံးအုပ်ပေးထားပါတယ်။


Battery Life

ပုံမှန်သုံးစွဲမှုအတွက် ဘက်ထရီသက်တမ်း ကြာရှည် ခံနိုင်အောင် စီစဉ်ပေးခဲ့ပြီး Lithium Polymer အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပါတယ်။ 3000mAh ဘက်ထရီဟာ ဖြုတ်/တပ်လို့မရဘဲ 3G ကွန်ရက်မှာ ၂၁ နာရီကြာ စကားပြောနိုင်ပါတယ်။


Design

Vibe shot မှာ ကင်မရာအပြင် နောက်ထပ်ထူးခြားတာက ဒီဇိုင်း ဖြစ်ပါတယ်။ စမတ်ဖုန်းတွေမှာ လတ်တလော ခေတ်စားနေတဲ့ သတ္တု နဲ့ဖန်သား ရောစပ်ထားတဲ့ဒီဇိုင်းကို ဖုန်းမှာအသုံးပြုထားပြီး ကျောဘက် ကိုကြည့်ရင် စမတ်ဖုန်းနဲ့မတူဘဲ ကင်မရာဒီဇိုင်းကို အခြေခံတည်ဆောက် ပေးထားပါတယ်။


Processor

Vibe shot မှာ mid-range chipset ဖြစ်တဲ့ Qualcomm Snapdragon 615 ကို အခြေခံသုံးစွဲထားပြီး octa-core processor နဲ့ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ် Adreno 405 ပါဝင်ပြီး RAM 3GB ဟာ ဒီဖုန်းအမျိုးအစားအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။


Display and Camera

၅ လက်မအရွယ် Full HD IPS Display ကို ခံစားကြည့်ရှုနိုင်ပြီး ရုပ်ထွက်သိပ်သည်းဆ 441ppi ထိ ပါဝင်ပါတယ်။ ပင်မကင်မရာ 16MP နဲ့အတူ OIS, autofocus, triple-LED တို့ကိုပါ အသုံးပြုနိုင်ပြီး 1080p full HD ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာ 8MP ကင်မရာဟာ တော်တော်လေး အသုံးတည့်ပါတယ်။


Verdict

Lenovo Vibe shot မှာ ပါဝင်နေတဲ့အချက်တွေကိုကြည့်ပြီး စမတ်ဖုန်းဆိုတာထက် ဒီဂျစ်တယ်ကင်မရာလို့ ထင်မှတ်သွားရလောက်အောင် ဖုန်းနဲ့ ကင်မရာနှစ်မျိုးကို ရောစပ်ဖွဲ့စည်းပေးခဲ့တာကြောင့် မချီးကျူးဘဲ မနေနိုင်ပါဘူး။ ကြည့်ကောင်းတဲ့ဒီဇိုင်းကို အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းကင်မရာနဲ့ တွဲဖက်ထားပါတယ်။

Price » 329,000 Ks

Contact Phone » 01-381035 (Ext : 124) ( KMD )


Specification

» Network : GSM/HSPA/LTE (Dual-SIM)

 » Weight : 145 g

 » Display : 5.0", IPS LCD capacitive touchscreen

 » Dimensions : 5.59 x 2.76 x 0.29 inch 

» Memory : 32GB, 3GB RAM, microSD, up to 128GB 

» Camera : 16 Megapixel, Front : 8 Megapixel autofocus, triple-LED (dual-tone) flash, Geo-tagging,  touch focus, face detection, panorama, HDR

 » Connectivity : GPRS, EDGE, WLAN, Bluetooth, USB 

» Chipset : Qualcomm MSM8939 Snapdragon 615                            GPU : Adreno 405 

» OS : Android OS, v5.0.2 (Lollipop) 

» Protection : Corning Gorilla Glass 3


Credit-Netguide Journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246