မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Friday, July 22, 2016



မြန်မာနိုင်ငံသားများ အီလက်ထရောနစ်ဝန်ဆောင်မှု(e-serve) အသုံးပြုနိုင်ရေးကို ၂၀၂၀ ခုနှစ် ရည်မှန်းချက်အဖြစ် ထည့်သွင်းထားကြောင်း တွေ့ရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၅ အမြင်နှင့် ၂၀၂၀ ရည်မှန်းချက်များကို ဖော်ပြထားရာ အဆိုပါဖော်ပြချက်တွင် တွေ့ရခြင်းဖြစ်သည်။ အစိုးရအနေဖြင့် မိုဘိုင်းပလက်ဖောင်းနှင့် applications infrastructure ကို အထောက်အပံ့ပေးနိုင်ရန်၊ မြန်မာနိုင်ငံသားများ e-serve ဝန်ဆောင်မှုစွမ်းရည်ကို တည်ဆောက်ရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေး လိုအပ်ချက်များကို စီမံနိုင်ရန် စသည့်အချက်များကို ၂၀၂၀ ရည်မှန်းချက်အဖြစ် ထည့်သွင်းထားကြောင်း သိရသည်။

၂၀၂၀ ရည်မှန်းချက်များအဖြစ် လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်သည် မိုဘိုင်းဖုန်းအသုံးပြုဆက်သွယ်နိုင်ရန်၊ လူဦးရေ ၈၅ ရာခိုင်နှုန်းကျော်သည် အင်တာနက်ဝန်ဆောင်မှု အသုံးပြုနိုင်ရန်နှင့် လူဦးရေ ၅၀ ရာခိုင်နှုန်း ကျော်သည် မြန်နှုန်းမြင့်အင်တာနက်အသုံးပြုနိုင်ရန် စသည့်အချက်များလည်း ပါဝင်ကြောင်း တွေ့ရသည်။

မိုဘိုင်းအသုံးပြုမှုတိုးတက်ရေး ဆောင်ရွက်ရာတွင် မိုဘိုင်းဖုန်းအသုံးပြုခြင်းမှရရှိနိုင်မည့် mEducation, mHealth အစရှိသော ဝန်ဆောင်မှုများ ရရှိအသုံးပြုနိုင်ရန်ကိုလည်း ရည်မှန်းထားကြောင်း သိရသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ Director General ဦးစိုးသိန်းက ဇူလိုင် ၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် Broadband 2016 အခမ်းအနား တွင် ပြောကြားခဲ့သည့်အချက်များထဲမှ အထက်ပါအချက်များကို သိရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် မိုဘိုင်းဖုန်း အသုံးပြုရေးကို ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ မိုဘိုင်းဖုန်းအသုံးပြုသူ ၅.၃ သန်း ရှိရာမှ ယခုအခါ ၄၃.၇၂ သန်းရှိလာကြောင်း၊ စုစုပေါင်းအနေဖြင့် ဖုန်းအသုံးပြုမှု ၅.၇ သန်းမှ တယ်လီကွန်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ပြီး နောက်ပိုင်း ယခုအချိန်အထိ ၄၄.၂၄ သန်း တိုးလာခြင်းဖြစ်ကြောင်းနှင့် တယ်လီဖုန်းသိပ်သည်းဆမှာ ၁၃ ရာခိုင်နှုန်းမှ ဇွန်လအထိဆိုလျှင် ၈၉.၃၈ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က တာဝါတိုင် ၃,၀၀၀ အောက်ရှိခဲ့ရာမှ ယခုအခါ ၁၁,၇၀၀ ကျော်အထိ ရှိလာပြီး တယ်လီကွန်းကဏ္ဍ ပြုပြင်ပြောင်းလဲမှုပြုနေသော နှစ်နှစ်အတွင်း တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။ မိုဘိုင်းဖုန်းအသုံးပြုရေးကို ပထမအဆင့်အနေဖြင့်ဆောင်ရွက်ပြီး Fixed broadband တိုးတက်ရန်လည်း ဆောင်ရွက်နေကြောင်း ဆိုသည်။

credit-internet journal



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246