ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ငွေကြေးရယူ၍ SMS အစီအစဉ်များ လုပ်ကိုင်နေသည်တို့ကို ရပ်ဆိုင်းရန် ဆက်သွယ်ရေးအော်ပရေတာများဖြစ်ကြသည့် Ooredoo , MPT နှင့် Telenor သုံးခုစလုံးကို ညွှန်ကြားခဲ့သည်ဟု သိရသည်။
"အော်ပရေတာသုံးခုစလုံးကို စာပို့ခဲ့တာ ဟုတ်ပါတယ်။ Ooredoo ကို ပို့ခဲ့တာကတော့ အားလုံးလည်း သိပြီးလောက်ပါပြီ။ အခြားအော်ပရေတာတွေကလည်း သူနဲ့အလား သဏ္ဍာန်တူတာတွေကို လုပ်ကိုင်နေတာ ရှိကောင်းရှိနိုင်ပါတယ်။ ကံစမ်းမဲတွေ၊ အခကြေးငွေကောက်ခံနေတာတွေအားလုံး ရပ်ဆိုင်းဖို့ အော်ပရေတာတွေအကုန်လုံးကို စာပို့ခဲ့တာပါ" ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ပြောသည်။
Ooredoo ၏ ခုဖြေခုထော အစီအစဉ်နှင့် အလားသဏ္ဍာန်တူညီသည့် Travel Quiz အစီအစဉ်ကို MPT နှင့် Contents Hub တို့က ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သော်လည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ရပ်တန့်ရန်အကြောင်းကြားခဲ့သည့်အတွက် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် အစီအစဉ်ရပ်တန့်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ရပ်တန့်လိုက်တယ်လို့ မပြောချင်ပါဘူး။ အစီအစဉ်ပြီးသွားတာလို့ ပြောချင်ပါတယ်။ အစီအစဉ်က ဇူလိုင်လကုန်ဆိုတော့ ၂ ရက်လောက်ပဲလိုတော့တာပါ။ အခုဆိုရင် ဆုတွေ ရွှေးချယ်နေပါတယ်။ ဆုတွေကိုလည်း ကြေညာပြီးပေးသွားမှာပါ" ဟု Contents Hub မှ အမည် မဖော်လိုသူက အင်တာနက်ဂျာနယ်သို့ ပြောသည်။
Ooredoo ၏ ခုဖြေခုထော အစီအစဉ်ရပ်တန့်မှုတွင် ကံစမ်းထားသူများကို ငွေကြေးပြန်လည် ပေးအပ်ခဲ့သော်လည်း MPT ၏ Travel Quiz သည် ပုံမှန် အစီအစဉ်ပြီးဆုံးခြင်း တစ်ခုသာဖြစ်သည့် အတွက် ငွေကြေးပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဆုများကိုသာ တစ်ပတ်အတွင်း ကြေညာပေးသွားမည်ဟု သိရသည်။
Ooredoo ၏ ခုဖြေခုထော အစီအစဉ်၌ ဥာဏ်စမ်းတစ်ခုဖြေဆိုလျှင် ၂၀၀ ကျပ်ကျသင့်ပြီး MPT ၏ Travel Quiz အစီအစဉ်သည် ကနဦးဝန်ဆောင်မှု ၅၀၀ ကျပ်နှင့် နေ့စဉ် ၁၅၀ ကျပ်ကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။ MPT သည် Travel Quiz ကို မတ်လမှစတင်၍ ဝေဖန်ခံရခြင်းမရှိဘဲ လုပ်ကိုင်လာခဲ့ခြင်းလည်း ဖြစ်သည်။
MPT သည် Travel Quiz, Celebrity Quiz, Mobile Quiz အစရှိသည်တို့ကို အချိန်ကြာမြင့်စွာ လုပ်ကိုင်လာခဲ့ခြင်းဖြစ်သော်လည်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ဥာဏ်စမ်းကံစမ်းမဲ အစီအစဉ်များကို ရပ်တန့်ခဲ့ရခြင်းလည်းဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာများအတွက် SMS အခြေပြု ပရိုဂရမ်အစီအစဉ်များသည် ဝင်ငွေ အမြောက်အမြားရရှိရန် ဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်း MPT ၏ Myanmar IDOL SMS အစီအစဉ်၊ Telenor ၏ မြန်မာကာရာအိုကေ ချန်ပီယံ SMS အစီအစဉ် စသည်တို့သည် အနုပညာကိုအရင်းခံ၍ ဝင်ငွေရှာဖွေသွားကြခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက သုံးသပ်ပြောကြားသည်။
Credit-Internet journal
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246