မြန်မာလို ရေးသားထားသော နည်းပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ယခု စာမျက်နှာလေးအား ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။




Saturday, February 20, 2016

ဖုန်းပြင်ဆိုင်ကိုလာပြကြတဲ့ဖုန်းတွေအများစုဟာ ရေစိုတာ၊ ရေ၀င်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကိုင်နေကြတဲ့စမတ်ဖုန်းတွေဟာ အဆင့်မြင့်နည်းပညာပစ္စည်းတွေသုံးထားပြီး၊ အမြင့်စား စွမ်းဆောင်ရည်တွေရှိတယ်ဆိုပေမယ့်လည်း တကယ်တမ်းအထိခိုက်ခံ၊ ရေစိုခံတဲ့ ဖုန်းမျိုးကတော့ ရှားပါတယ်။

စာဖတ်သူရဲ့ငွေတွေအများကြီးသုံးပြီး ၀ယ်ယူထားတဲ့ စမတ်ဖုန်းတစ်လုံး ရေစိုတာ၊ ရေ၀င်တာကြောင့် ထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက် အတတ်နိုင်ဆုံးတားဆီးနိုင်တဲ့နည်းလမ်းတွေကို ရှာဖွေတင်ဆက်လိုက် ပါတယ်။

သတိပြုရမယ့်အချက်တစ်ခုကတော့ စာဖတ်သူရဲ့ဖုန်းဟာ ရေ၀င်တာကြောင့် ဖုန်းပါဝါမလာတော့တာ၊ ပျက်သွားခဲ့ပြီဆိုရင်တော့ ပြန်ကောင်းလာနိုင်ဖို့က ရာခိုင်နှုန်းနည်းပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေဟာ ဖုန်း ရေထဲပြုတ်ကျတာ၊ ရေစိုမိသွားတာနဲ့ ချက်ချင်းလုပ်ဆောင်ရမယ့် နည်းလမ်းတွေဖြစ်ပြီး၊ စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် ပြန်ကောင်းလာနိုင်ပါတယ်။

၁။ ဖုန်းရေထဲပြုတ်ကျတာနဲ့ချက်ချင်းပြန်ဆယ်ပြီး၊ ပါဝါပိတ်လိုက်ပါ။



အမှတ်တမဲ့ ဖုန်းအိမ်သာခွက်ထဲပြုတ်ကျတာ၊ ရေထဲပြုတ်ကျတာမျိုးမှာ အလျင်အမြန်ပြန်ဆယ်နိုင်ဖို့က မလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့် ဖုန်းဟာ ရေထဲမှာအချိန်ကြာကြာရှိနေလေလေ၊ ပြန်ကောင်းလာနိုင်ဖို့ ရာခိုင်နှုန်း နည်းလေးပါပဲ။ ဒါကြောင့်မို့လို့၊ ချက်ချင်းပြန်ဆယ်နိုင်အောင်လုပ်ပါ။ ပြီးရင် ဖုန်းကိုချက်ချင်းပိတ်ပါ။ ဘက်ထရီတုံးကိုဖြုတ်ထားပါ။

ဒီအချိန်မှာ မလုပ်သင့်တဲ့အချက်တွေကတော့



ဖုန်းကိုပြန်မဖွင့်ပါနဲ့။      ရေစိုနေတုန်းဖုန်းကိုပြန်ဖွင့်ရင် ဖုန်းအထဲက      လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းလေးတွေ ကောင်းကောင်းအလုပ်မလုပ်တော့တာ၊      ရှော့ဖြစ်တာတွေဖြစ်နိုင်ပါတယ်။

အားမသွင်းပါနဲ့။

ဖုန်းရဲ့ဘာခလုတ်ကိုမှလျှောက်မနှိပ်ပါနဲ့။ ဒီလိုနှိပ်တာက      ရေကိုဖုန်းထဲပိုဝင်အောင်လုပ်မိသလို ဖြစ်စေနိုင်ပါတယ်။

ဖုန်းကို ရေထွက်သွားအောင်လှုပ်ခါတာ၊      မှုတ်ထုတ်တာတွေမလုပ်ပါနဲ့။ ဒါကလည်း ရေကို အထဲထိ ပိုဝင်သွားစေနိုင်ပါတယ်။      လေမှုတ်စက်လည်းမသုံးမိပါစေနဲ့။

ဖုန်းကို အပူမပေးပါနဲ့။ အပူပြင်းပြင်းပေးတာက      ဖုန်းကိုထိခိုက်စေနိုင်ပါတယ်။

ဖုန်းကို ဟိုရွှေ့ဒီရွှေ့ သိပ်မရွှေ့ဘဲ      ခြောက်သွေ့ညီညာတဲ့တစ်နေရာမှာပဲထားပါ။

၂။ ဖုန်းရဲ့ဖြုတ်လို့ရတာမှန်သမျှဖြုတ်ပါ



ဖုန်းကိုတစ်စစီဆွဲဖြုတ်ပစ်ဖို့ပြောတာမဟုတ်ပါဘူး။ ဆိုလိုတာက user သုံးသူကိုယ်တိုင် ဖြုတ်တပ်လို့ရတဲ့ ကာဗာ၊ ဘက်ထရီ၊ SD ကတ် ၊ SIM ကတ်စတာတွေကို ဖြုတ်ပြီး၊ တစ်သျှူးစက္ကူဖြစ်ဖြစ်၊ ခြောက်သွေ့တဲ့ အ၀တ်စတစ်ခုပေါ်မှာဖြစ်ဖြစ် တင်ပြီး၊ ခြောက်သွေ့အောင်သုတ်ပေးပါ။

၃။ ဖုန်းရဲ့အပြင်ပိုင်းကို တစ်သျှူးစက္ကူနဲ့ ခြောက်အောင်သုတ်ပေးပါ။

ညှင်သာစွာသုတ်ပေးဖို့လိုပါတယ်။ ဖုန်းရဲ့အပြင်ပိုင်းတစ်ခုလုံးခြောက်သွေ့အောင်သုတ်ပေးပါ။

၎။ ဖုန်စုပ်စက်ကိုသုံးနိုင်ပါတယ်။

လေမှုတ်ထုတ်တဲ့စက်မျိုးမဟုတ်ဘဲ။ ဖုန်စုပ်စက်လို အထဲကအစိုဓာတ်တွေကိုစုပ်ယူနိုင်မယ့်စက်မျိုးကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ပုံထဲမှာပြထားတဲ့စက်လောက် အားအရမ်းပြင်းတာကြီးကိုမသုံးပါနဲ့။

၅။ ဖုန်းကိုခြောက်သွေ့အောင်အစိုဓာတ်ထုတ်ရမယ့်အဆင့်လာပါပြီ။



ဒီအဆင့်ကတော့အခက်ခဲဆုံးပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအဆင့်မှာ ဖုန်းကိုအချိန်တော်တော်ကြာ ပစ်ထားပေးဖို့လိုပါတယ်။ ကျွန်တော်တို့တွေဟာ စမတ်ဖုန်းမရှိဘဲနဲ့ တစ်နာရီလောက်တောင်မနေနိုင်ဘူး ဆိုပေမယ့်လည်း၊ တစ်သက်လုံး ကိုယ့်စမတ်ဖုန်းလွှင့်ပစ်လိုက်ရမှာထက်စာရင် တစ်ရက်နှစ်ရက်လောက် မသုံးပဲနေပေးတာက ပိုကောင်းမှာပါ။

ဖုန်းထဲက ရေတွေခြောက်သွေ့သွားစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဆန်ပုံးထဲဖြစ်ဖြစ်၊ ဆန်အိတ်ထဲဖြစ်ဖြစ် ထည့်ထားပေးတာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဖုန်းကို အနည်းငယ်ဆန်ထဲမြှုပ်ထားပြီး၊ နှစ်ရက်သုံးရက်လောက်ပစ်ထားပါ။ ဆန်ဟာ အိမ်တိုင်းမှာ အလွယ်တကူရှိတဲ့ အရာဖြစ်ပြီး၊ ဆန်ဟာ လေထုထဲကအစိုဓာတ်တွေကိုတောင်စုပ်ယူနိုင်တဲ့အစွမ်းရှိပါတယ်။

တကယ်လို့ အကြောင်းကြောင်းကြောင့် ဆန်မရှိဘူးဆိုရင်၊ ကျွန်တော်တို့ လျှပ်စစ်ပစ္စည်းတွေ၊ ရှူးဖိနပ်တွေ ၀ယ်ရာမှာပါဝင်လာတဲ့ ဆီလီကာဂျယ်အထုပ်လေးတွေကို သုံးနိုင်ပါတယ်။အထက်ဖော်ပြပါနည်းလမ်းတွေအတိုင်းလုပ်ဆောင်ပြီးလို့၊ နှစ်ရက်လောက်ကြာရင် သင့်ဖုန်းကို အားသွင်းကြိုးမှာပြန်တပ်ပြီး၊ ဖွင့်ကြည့်နိုင်ပါတယ်။ အများအားဖြင့်တော့ ဒီနည်းလမ်းဟာ အလုပ်ဖြစ်ပြီး၊ စာရေးသူကိုယ်တိုင် ဖုန်းရေထဲကျသွားတုန်းကလည်း ပြန်ကောင်းခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်။

Credit – Digital Time 



အောင်မြင့်မြတ်(Myanmar Youths)